Tuesday, May 3, 2016

Gravity (2013)


ဒါရိုက်တာ Alfonso Cuarón ရိုက်ကူးပြီး ထိပ်တန်းသရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသမီးကြီး Sandra Bullock နဲ့ မင်းသားကြီး George Clooney တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Gravity ဇာတ်ကားဟာ အာကာသနဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို အခြေခံထားပေမယ့် သိပ္ပံဝတ္ထုဇာတ်လမ်းမျိုးနဲ့ မတူပဲ လူသားတွေရဲ့ စိတ်ဓာတ်နဲ့ ခွန်အားကို အဓိကအသားပေး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ လှပတဲ့ ကမ္ဘာ့အပြင်ဖက်က မြင်ကွင်းတွေ၊ ရင်ခုန်စရာ အာကာသတွင်း အတွေ့အကြုံတွေနဲ့ ဖမ်းစားထားသလို စိတ်လှုပ်ရှားဖွယ်၊ လွမ်းမောဖွယ် ဇာတ်အိမ်နဲ့ တန်ဆာဆင်ထားပါတယ်။ ဖန်စီကျကျ အက်ရှင်ဟာသဇာတ်မြူးတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီး Sandra Bullock ဟာ ဒီကားမှာ အသက်ဆက်ရှင်နိုင်ဖို့အတွက် အစွမ်းကုန်ရုန်းကန်ရတဲ့ ဒေါက်တာ Ryan Stone အဖြစ် အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဟူစတန် အခြေစိုက်စခန်းက ထိန်ချုပ်ရေးမှူးအဖြစ် မင်းသားကြီး Ed Harris က အသံနဲ့ ပါဝင်ကူညီအားဖြည့်ပေးထားပါတယ်။ IMDB Rating 8.5 ရရှိထားတာကြောင့် မကြည့်မဖြစ် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Rotten Tomatoes ကလည်း Tomatometer 97% ထိ ပေးထားတဲ့အပြင် အကောင်းဆုံး ရိုက်ချက်တွေနဲ့ ကောင်းမွန်တဲ့ ဇာတ်အိမ်တွေကြောင့် ၂၀၁၃ ရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားအဖြစ် ရုပ်ရှင်ဝေဖန်ရေးသမား အများအပြားက ညွှန်းဆိုထားတာမို့ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

 အာကာလွန်းပျံယာဉ် Explorer နဲ့အတူ သူ့ရဲ့ ပထမဆုံး အာကာသခရီးစဉ်အဖြစ် ဒေါက်တာ Ryan Stone တစ်ယောက် ဟာဘယ်အာကာသမှန်ပြောင်းကို သွားရောက်ပြင်ဆင်ပါတယ်။ Stone နဲ့အတူ ထိပ်တန်းအာကာသယာဉ်မှူး Matt Kowalski ကလည်း သူ့ရဲ့ နောက်ဆုံးအကြိမ် ခရီးစဉ်ကို လိုက်ပါသွားပါတယ်။ ဟာဗယ်မှန်ပြောင်းကို ပြင်ဆင်ဖို့ အာကာသထဲမှာ လမ်းလျှောက်ထွက်ရတဲ့အချိန် ဟူစတန် မြေပြင်အခြေစိုက်စခန်းက သတင်းတစ်ခု ပို့လိုက်ပါတယ်။ အသုံးမ၀င်တော့တဲ့ ဂြိုဟ်တုတစ်ခုကို ရုရှားက ဒုံးပျံနဲ့ ပစ်လွှတ်ဖျက်ဆီးခဲ့တာကြောင့် ဂြိုဟ်တုအပိုင်းအစတွေ ပျံ့လွင့်ကုန်ပြီး အန္တရာယ်ရှိနိုင်တာမို့ ပြင်ဆင်ရေး အစီအစဉ် ဖျက်သိမ်းဖို့ အမိန့်ပေးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ အခြေစိုက်စခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး Stone လည်း အာကာသထဲကို လွင့်စင်သွားပါတယ်။

အတွေ့အကြုံ ရင့်ကျက်တဲ့ အာကာသယာဉ်မှူး Kowalski ဟာ Stone ကို ကယ်တင်လိုက်နိုင်ပေမယ့် လွန်းပျံယာဉ်ကတော့ သုံးမရတော့လောက်အောင် ပျက်စီးသွားသလို ကျန်တဲ့ လွန်းပျံယာဉ်အဖွဲ့သားတွေလည်း သေဆုံးကုန်ပါတယ်။ သူတို့နှစ်ယောက်ဟာ လွန်းပျံယာဉ်မှာ ကျန်နေခဲ့တဲ့ တွန်းကန်စက်ကို သုံးပြီး သူတို့နဲ့ ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ နိုင်ငံတကာ အာကာသစခန်း (ISS) ဆီကို မိနစ် ၉၀ အတွင်း အရောက်သွားရမှာပါ။ သူတို့နှစ်ယောက် နိုင်ငံတကာအာကာသစခန်းကို သွားနေစဉ်မှာပဲ နိုင်ငံတကာအာကာသစခန်းက အာကာသယာဉ်မှူးတွေ ဆိုယုဇ်အာကာသယာဉ်တစ်စီးနဲ့ ထွက်ခွာသွားတာကို မြင်လိုက်ရပါတယ်။ ကျန်နေခဲ့တဲ့ နောက်ထပ် ဆိုယုဇ်တစ်စီးကလည်း မတော်တဆ ပွင့်ထွက်ပြီး ကမ္ဘာကို ပြန်ဖို့ ဖြစ်နိုင်တော့ပါဘူး။ သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကတော့ အနီးအနားမှာ ရှိနေတဲ့ တရုတ်အာကာသစခန်း Tiangong ဆီကို အရောက်သွားနိုင်ဖို့ပါပဲ။ အောက်စီဂျင်ကုန်လုနီးပါး အခြေအနေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီဖြစ်တဲ့ နိုင်ငံတကာအာကာသစခန်းကနေ Tiangong ကို သူတို့ အသက်ရှင်လျက် သွားနိုင်ပါ့မလား။ လူသားရဲ့ ခွန်အားတွေဟာ အခက်အခဲဆုံး အချိန်မှာ ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ …

ရုပ်ရှင်အညွှန်း - mmmovieguide.com



Download
864 MB
Gravity (2013)

No comments:

Post a Comment