Tuesday, July 5, 2016

Dark Places (2015)


အသက် ၇ နှစ်အရွယ်မှာ အမေဖြစ်သူနဲ့ အတူညီအစ်မနှစ်ယောက်အသတ်ခံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကနေလွတ်မြောက်ခဲ့တဲ့ Libby Day ဟာမျက်မြင်သက်သေအဖြစ်နဲ့ လူသတ်တရားခံဟာ အသက် ၁၆ နှစ်အရွယ် သူမရဲ့အစ်ကိုဖြစ်သူ Ben Day လို့တရားရုံးမှာဖြောင့်ချက်ပေးခဲ့ပါတယ်။

Ben ဟာ မိသားစုဝင်သုံးဦးကို သတ်ခဲ့ကြောင်း Libby ရဲ့ ဖြောင့်ချက်တစ်ခုတည်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံခဲ့ရတယ်။ အုပ်ထိန်းသူမရှိတဲ့ Libby ဟာ ပရဟိတအဖွဲ့အစည်းအချို့နဲ့ သူမကိုဂရုဏာသက်သူတွေက လစဉ်ထောက်ပံ့တဲ့ငွေကြေးတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ရတယ်။

ဒီလိုနဲ့ နှစ်ဆယ့်ငါးနှစ်ကြာသည်အထိ Libby ဟာ ထောက်ပံ့ကြေးများနဲ့သာ အသက်ဆက်လို့ နေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ထောက်ပံ့ကြေးတွေကုန်တော့မှာပါ။ သူမအနေနဲ့ အလုပ်တစ်ခုကိုသာမလုပ်တော့ဘူးဆိုရင် ဝင်ငွေရစရာမရှိတော့ပါဘူး။ ထောက်ပံ့သူတွေအနေနဲ့ လည်း အရွယ်ရောက်ပြီးသူ တစ်ယောက်ကို ဆက်လက်မထောက်ပံ့ချင်တော့ပါဘူး။ Libby က ၇ နှစ်အရွယ်သနားစရာ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘူးလေ။

ငွေကြေးအထောက်အပံ့အတွက်အခက်အခဲတွေ့နေစဉ်မှာ Libby တွေ့ဆုံရသူတစ်ဦးက
Lyle Wirth ဆိုသူစိတ်ဝင်စားဖွယ် လူရွယ်တစ်ယောက်။ Lyle က ကိုယ်ပိုင် အသေးစား Laundry လုပ်ငန်းကိုလုပ်ကိုင်နေသူဖြစ်ပြီး The Kill Club ဆိုတဲ့ နေရာမှာလည်း အလုပ်လုပ်ပါသေးတယ်။ The Kill Club ဆိုတာဘာလဲ။ Lyle ကတော့ KC လို့ အတိုကောက်ခေါ်တဲ့ The Kill Club ဆိုတာ ဖြစ်ရပ်မှန်မှုခင်းတွေနဲ့ ထူးခြားတဲ့ လူသတ်မှုတွေကို စိတ်ဝင်စားကြတဲ့ လူတွေချည်းစုနေတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။
Lyle ရဲ့ ကမ်းလှမ်းမှုက Libby အတွက်စိတ်ဝင်စားစရာပါ။
The Kill Club ကိုလိုက်ခဲ့ပြီး အဆိုပါလူသတ်မှုတွေဖြစ်ခဲ့တဲ့ညက အဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ပါ။ အဲ့လိုပြန်ပြောပြပေးမယ်ဆိုရင် Libby အတွက် ဒေါ်လာ ၇၀၀ ရမှာပါ။

ဒီအမှုဟာ သမားရိုးကျအဖြစ်အပျက်တစ်ခုထက်ပိုမယ်လို့ KC ကလူတွေကယူဆနေကြပါတယ်။ Ben သတ်တယ်ဆိုတာကို လက်မခံနိုင်ကြပဲ Ben ဟာ မတရားထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတယ်လို့ ယုံကြည်နေကြပါတယ်။
ဒါပေမယ့် Libby ကတော့ အဲ့ဒီညက အကြောင်းတွေကို ဖြစ်နိုင်ရင်ပြန်မပြောချင်တော့ပါဘူး။
သူမအနေနဲ့ဖြောင့်ချက်ပေးထားပြီး ဖြစ်သလို နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကာ Ben ကလည်း မငြင်းခဲ့ပါဘူး။ Libby က အစ်ကိုဖြစ်သူ Ben ကိုလည်း ထောင်ထဲသို့ သွားရောက်တွေ့ဆုံခြင်းမရှိပါဘူး။ သူမ ဘဝတစ်လျှောက် လိုက်လံနှောက်ယှက်နေတဲ့ အဖြစ်ဆိုးကြီးကနေ တတ်နိုင်သမျှဝေးအောင်နေနေခြင်းပါ။

အခုတော့ အဲ့ဒီညက အဖြစ်အပျက်တွေက သူ့ဆီကို ပြန်လာခဲ့ပြီ။ ထိုညအကြောင်းကို သူမပြန်ပြောမှ သူမအတွက်လိုအပ်နေတဲ့ ငွေကြေးဆိုတာ သူမထံရောက်လာတော့မှာ။ KC ကသိလို  စိတ်ပြင်းပြသူတွေကလည်း  Libby ကိုယ်တိုင်ပြန်ပြောပြတဲ့ အဲ့ဒီညက အဖြစ်အပျက်ကို ကြားချင်နေကြတယ်။ သူတို့တွေ Ben အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့   နှစ်ပေါင်းများစွာလေ့လာစုံစမ်းစုဆောင်းထားတဲ့ အချက်အလက်တွေ အမှုတွဲတွေရှိနေပေမယ့် Libby ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်အတွေ့အကြုံမပါပဲ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။

အဲ့ဒီညက ဘာဖြစ်ခဲ့တာလဲ။ Libby ရဲ့အမေနဲ့ ညီအစ်မနှစ်ယောက်ကို ဘယ်သူသတ်တာလဲ။
Ben တကယ်သတ်ခဲ့တာလား။ ဘာဖြစ်လို့သတ်ခဲ့တာလဲ။

အိပ်မက်ဆိုးကြီးထဲ Libby တကျော့ပြန်ဝင်ပြီး ခါးသီးခြောက်ခြားဖွယ် အတိတ်ကို ဘယ်လောက်အတိုင်းအတာထိတူးဆွမှာလဲ .....

2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ စာရေးဆရာမ Gillian Flynn ရဲ့ အောင်မြင်ခဲ့တဲ့ Dark Places ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပါ။ Gillain Flynn ဆိုတာနဲ့ မစိမ်းကြဘူးထင်ပါတယ်။ မနှစ်ကအောင်မြင်ခဲ့တဲ့ Crime Thriller ဇာတ်ကားတစ်ခုဖြစ်တဲ့ Gone Girl ဟာလည်း သူမရဲ့ ဝတ္ထုဇာတ်လမ်းပါပဲ။

Dark Places ဟာ Gone Girl လောက်တော့ ဇာတ်လမ်းအလှည့်အပြောင်း အတက်အကျမကြမ်းပေမယ့် Gilian Flynn ရဲ့ မူအတိုင်း ခံစားမှုအချို့ကိုပေးစွမ်းနိုင်ပါတယ်။
ဇာတ်လမ်းအစတည်းက တွေးစရာတွေပြည့်နေပြီး ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုတဲ့ အတွေးကို ဇာတ်ကားတစ်လျှောက် သင့်အာရုံထဲနေရာယူထားစေပါတယ်။

ဒွိဟတွေ မသေချာမှုတွေနဲ့ အတူ နက်ရှိုင်းတဲ့ ဇာတ်အိမ်ထဲကို ခေါ်ဆောင်သွားခြင်းခံရမှာဖြစ်ပြီး သင့်ကိုယ်တိုင် မေးခွန်းတွေနဲ့ တွေဝေနေပါလိမ့်မယ်။
ရိုးရှင်းတဲ့ သာမန်ဇာတ်လမ်းတစ်ခုပုံစံဖြင့်သာ တင်ဆက်သွားပေမယ့် ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံ (Flashback) တွေနဲ့ ဇာတ်ကောင်စရိုက်တွေကို တဖြည်းဖြည်းချင်းသင့်ကိုမိတ်ဆက်ပေးပါလိမ့်မယ်။

ဇာတ်ကားကိုကြည့်ရင်း သင်မသိလိုက်တဲ့ အချိန်မှာပဲ သင်ဟာဇာတ်ကောင်တွေနဲ့ ရင်းနှီးသလိုခံစားမိလာမှာဖြစ်ပြီး တကယ်တမ်းသင်သူတို့ကို သိပြီလားဆိုတော့ မသိသေးပါဘူး။

ဟုတ်ပါတယ်။ မှောင်မိုက်တဲ့ လျို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ Dark Places ဟာ သင်ကြည့်နေရင်း ဇာတ်လမ်းကို သိပြီလို့ထင်ပါလိမ့်မယ်။ သေချာပါတယ် သင်မသိသေးပါဘူး။

Libby Day အဖြစ် ပြတ်သားရဲရင့်သယောင်ရှိပေမယ့် အရာရာအတွက်ရှေ့ဆက်ဖို့ မသိစိတ်ကစိုးရွံ့နေတတ်တဲ့ပုံစံကို မင်းသမီး Cherlize Theron က အပိုအလိုမရှိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အရှုံးပေးလိုမှုတွေ မရေရာမသေချာမှုတွေကို သူမရဲ့မျက်လုံးတွေထဲမှာတွေ့နိုင်မှာပါ။ Cherlize Theron နဲ့ အတူ Mad Max: Fury Road ဇာတ်ကားမှာအောင်မြင်ခဲ့တဲ့ Nicholas Hoult ကတော့ Lyle Wirth အဖြစ်သရုပ်ဆောင်ထားပြီး လုပ်ကွက်တော့သိပ်မရခဲ့ပါဘူး။

Flashback တွေက ဇာတ်ကားရဲ့ တစ်ဝက်ကျော်လောက်ကို လွှမ်းမိုးထားတော့ ငယ်ဘဝဇာတ်ကောင်တွေဖြစ်တဲ့ ၁၆ နှစ်သားအရွယ် Ben Day ရဲ့ ဇာတ်ကောင်ဟာလည်း အရေးပါခဲ့ပါတယ်။ Metal တေးဂီတကိုနှစ်သက်သူ လူငယ်တစ်ယောက်၊ ကျောင်းမှာလည်း အပေါင်းအသင်းမိတ်ဆွေမရှိ တစ်ကိုယ်တည်းနေတတ်သူလူငယ်တစ်ယောက်၊ ဆံပင်ခပ်ပွပွနှင့် ဂျစ်ကန်ကန်လူငယ်တစ်ယောက်အဖြစ် Tye Sheridan ကသရုပ်ဆောင်ထားတယ်။ Ben ရဲ့ ချစ်သူခပ်ပွေးပွေး ကောင်မလေး Diondra အဖြစ်တော့ လူငယ်အမျိုးသားပရိသတ်အကြိုက် Chloe Grace Moretz ကသရုပ်ဆောင်ထားတယ်။

Low Budget ရုပ်ရှင်တွေကိုသာရိုက်လေ့ရှိတဲ့ ပြင်သစ်ဒါရိုက်တာ Gilles Paquet-Brenner ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Psychological Thriller ကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ မြင်မိပါတယ်။

- သင်လက်ခံထားတဲ့အရာတိုင်းက အမှန်တရားဆိုတာသေချာပြီလား?
- သင်ပိုင်ဆိုင်ထားတဲ့အရာတွေကို မဆုံးရှုံးချင်လို့မျက်စိစုံမှိတ်ပြီး လက်ခံထားတဲ့အမှားတရားတွေ ဘယ်လောက်တောင်များနေပြီလဲ?
- သင်ပြန်ပြင်ဆင်ချင်ပါသလား?
- သင့်ကိုယ်သင်ဆက်လိမ်ထားမှာလား? - သင်သူများတွေကိုရောသင်ဆက်လိမ်နေဦးမှာလား?

ရုပ်ရှင်အညွှန်း - LH (International Movie News - IMN)

IMDB 6.2 ရထားတဲ့ ဇာတ်ကားဟာ 1h:53mins ကြာမြင့်ပြီး 522 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။


Download
522 MB
Dark Places (2015))

No comments:

Post a Comment