Monday, July 11, 2016

Mission: Impossible - Rogue Nation (2015)


ဒီဇာတ်ကားဟာ Mission Impossible ရဲ့ ပဉ္စမမြောက်ဇာတ်လမ်း ဖြစ်ပါတယ်။ စတုတ္ထမြောက်ဇာတ်လမ်းဖြစ်တဲ့ Ghost Protocol နဲ့လည်း အနည်းငယ် ဆက်စပ်နေပါတယ်။ Ghost Protocol မှာတုန်းက ဇာတ်သိမ်းပိုင်းမှာ နောက်ထွက်မယ့်ဇာတ်ကားအတွက် သဲလွန်စပေးခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို ကမ္ဘာတစ်ဝှမ်း နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး လှုပ်ရှားနေတဲ့ Syndicate ဆိုတဲ့ အဖွဲ့တစ်ခု ရှိပါတယ်လို့။ Syndicate ဆိုတာ နိုင်ငံတကာအကြမ်းဖက်ဂိုဏ်းဆိုပါတော့။ ဒါပေမယ့် ဘယ်သူမှတော့ အတိအကျမပြောပြနိုင်ဘူး၊ သက်သေမပြနိုင်ကြဘူး။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ တွမ်ခရုစ် (အီသန်ဟန့်ခ်) က Syndicate ရှိကြောင်း သက်သေပြဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။

Ghost Protocol မှာတုန်းက IMF (Impossible Mission Force) အဖွဲ့က ရုရှားနိုင်ငံကိုသွားပြီး မော်စကိုမြို့က ခရင်မလင်နန်းတော်ကြီးကို ဖျက်ဆီးလိုက်မိတာ မှတ်မိကြမှာပါ။ တစ်ခါ စစ်ဆင်ရေးကို အချိန်မှီမဆောင်ရွက်နိုင်တဲ့အတွက် နျူထိပ်ဖူးတပ်ဒုံးကျည်ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးကို ပွတ်တိုက်မိပြီး ရေထဲကျ ပေါက်ကွဲသွားတာ သတိရကြမှာပါ။ အဲဒိအဖြစ်အပျက်တွေကြောင့် တစ်ကမ္ဘာလုံးက မျက်ခုံးလှုပ်ကုန်ပြီး ပြည်သူတွေလည်း ထိတ်လန့်ကုန်ပါတယ်။ ဒါ့ကြောင့် ဒီ Rogue Nation ဇာတ်ကားမှာတော့ IMF ကို CIA က သူ့လက်အောက်ခံအဖြစ် သိမ်းသွင်းချင်နေပါတယ်။

IMF ကို ဖျက်သိမ်းလိုက်ပြီး တွမ်ခရုစ်ရဲ့ အပေါင်းအပါတို့အုပ်စုလည်း CIA မှာ လှုပ်မရဖြစ်နေတဲ့အချိန် တွမ်ခရုစ် (အီသန်) ကိုတော့ စီအိုင်အေက မဖမ်းမိသေးပါဘူး။ အီသန်ဟာ အစွမ်းထက်တဲ့ စပိုင်တစ်ယောက်ဖြစ်လို့ CIA က ကမ္ဘာအနှံ့ကွန်ရက်ဖြန့်ပြီး အီသန်ကို လိုက်ဖမ်းပါတော့တယ်။ ဒီအချိန်မှာ အီသန်ဟာ IMF ရဲ့ နောက်ထပ် စစ်ဆင်ရေး (mission) ဟာ ဘာလဲသိရအောင် သတင်းသွားယူတဲ့အချိန်မှာပဲ ထောင်ချောက်ထဲဝင်မိပြီး အဖမ်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့် CIA က ဖမ်းမိသွားတာ မဟုတ်ပါဘူး။ Syndicate က ထောင်ဖမ်းသွားတာပါ။

Syndicate ရဲ့ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကို အီသန်တစ်ယောက်ခံလိုက်ရပေမယ့် ဗြိတိသျှထောက်လှမ်းရေး၊ MI6 အေးဂျင့်တစ်ယောက်အကူအညီကြောင့် Syndicate အဖွဲ့ဆီကနေ လွတ်မြောက်လာပါတယ်။ အဲဒိနောက် အီသန်ဟာ CIA လက်က လွတ်အောင်ပြေးရင်း တစ်ဖက်ကလည်း Syndicate အဖွဲ့ကို လက်ရဖမ်းမိနိုင်ဖို့ တစ်ကိုယ်တော်ကြိုးစားရပါတော့တယ်။ Syndicate ဆိုတာ တကယ်ရှိမှန်း သက်သေပြနိုင်မှ IMF ကို ပြန်လည်ဖွဲ့စည်းခွင့်ရမှာပါ။ နောက်ခြောက်လအကြာမှာတော့ အီသန်ဟာ သူတစ်ယောက်တည်း မစွမ်းဆောင်နိုင်မှန်း သဘောပေါက်လာပြီး သူ့ရဲ့ သူငယ်ချင်း အပေါင်းအပါ IMF အဖွဲ့သားဟောင်းတွေနဲ့ ပြန်လည်ချိတ်ဆက်ကာ Syndicate ဆိုတာ တကယ်ရှိကြောင်း လက်ဆုပ်လက်ကိုင်နဲ့ သက်သေပြဖို့ ကြိုးစားပါတော့တယ်။

ဒီဇာတ်ကားမှာ နာမည်အကြီးဆုံး ဇာတ်ဝင်ခန်းကတော့ မင်းသားတွမ်ခရုစ် လေယာဉ်ဘေးပေါက်ကိုကိုင်ပြီး ခိုစီးပြတဲ့အခန်းပါ။ အဲဒိလေယာဉ်ဟာ Airbus A400M အမျိုးအစားဖြစ်ပြီး ဒီအခန်းကို မည်သည့်ရုပ်ရှင်အထူးပြုလုပ်ချက် (special effect) မှ မသုံးထားပါ။ တွမ်ခရုစ်ဟာ ရိုက်သမျှဇာတ်ကားတိုင်းမှာ လူစားမထိုးဘဲ ရိုက်တာဖြစ်သလို ဒီဇာတ်ကားမှာလည်း ဇာတ်ဝင်ခန်းတိုင်းကို သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ လေယာဉ်ခိုစီးပြတဲ့အခန်းကိုလည်း သူကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ အင်တာဗျူးတစ်ခုမှာ တွမ်ခရုစ်ကို ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရတာလဲလို့ မေးမြန်းတဲ့အခါ တွမ်ခရုစ်က သူဟာ လေယာဉ်မောင်းလိုင်စင်ရထားတဲ့သူတစ်ယောက်ဖြစ်တာမို့ လေယာဉ်အတွင်းခန်းမှာ ထိုင်မောင်းတဲ့အရသာကို ခံစားဖူးပါတယ်။ လေယာဉ်အပြင်ဘက်မှာ တောင်ပံပေါ်မှာ ခိုလိုက်ရတဲ့ အရသာကိုလည်း ခံစားချင်လို့ပါတဲ့။

ဇာတ်ဝင်ခန်းရိုက်ကူးချိန်မှာ လေယာဉ်ဟာ အမြင့်ပေ ၅၀၀၀ မှာ ပျံသန်းနေတာဖြစ်ပါတယ်။ အဲဒိအခန်း ရိုက်ကူးဖို့အတွက် လေယာဉ်ဘယ်တောင်ပံပေါ်မှာ ကင်မရာကို လေဒဏ်ခံနိုင်တဲ့ ဖရိန်နဲ့ ခိုင်အောင် ပြုလုပ်ခဲ့ရပါတယ်။ ရိုက်ကူးချိန်မှာ တွမ်ခရုစ်ရဲ့ မျက်လုံးဟာ ပွင့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လေတိုက်နှုန်းအင်မတန်ပြင်းထန်ပြီး လေထဲက အမှုန်တွေကလည်း မျက်လုံးကို ခိုက်မိနိုင်ပါတယ်။ အဲဒါတွေက ကာကွယ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ မျက်ကပ်မှန်တစ်ခုကို ဖန်တီးခဲ့ရပါတယ်။ လေယာဉ်ခိုစီးတဲ့အခါ တွမ်ခရုစ် မျက်လုံးပွင့်နေနိုင်တာ ဒါကြောင့်ပါ။

ဒီဇာတ်ကားရိုက်ကူးချိန်မှာ တွမ်ခရုစ်ဟာ ဒဏ်ရာ ခြောက်ကြိမ်ရခဲ့ပါတယ်။ နောက်ထပ် ပြောပြချင်တာလေးကတော့ ဇာတ်ကားထဲမှာ လူကောင်းမှန်သမျှဟာ BMW ကားကိုသာ စီးကြပြီး လူဆိုးမှန်သမျှဟာ Audi ဒါမှမဟုတ် Mercedes ကိုသာ စီးကြတာကို တွေ့ရမှာပါ။

အဆုံးသတ် မှာလိုက်ချင်တာကတော့ ဇာတ်ကားထဲက ပြဇာတ်စင်ကို သေသေချာချာ ကြည့်ခဲ့ကြပါ။ သြစတြီးယားနိုင်ငံရဲ့ အဓိကစီးပွားရေးဟာ ခရီးသွားလုပ်ငန်းဖြစ်ပြီး အဓိကဆွဲဆောင်မှုက သံစုံတီးဝိုင်းတွေ၊ အော်ပရာပြဇာတ်တွေပါပဲ။ ဒီဇာတ်ကားမှာ သြစတြီးယားရဲ့ အော်ပရာပြဇာတ်တစ်ခုကို မြည်းစမ်းရမှာ ဖြစ်ပါတယ်။ စင်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပရိသတ်စင် စတာတွေကို လေ့လာကြပါ။ စင်တည်ဆောက်ပုံတင်မဟုတ် အသံပိုင်းဆိုင်ရာတွေ၊ အပြင်အဆင်တွေ၊ စတူရီယိုက ပုံတူပစ္စည်းတွေကိုလည်း လေ့လာကြည့်ပါ။ မြန်မာပြည်က နိုင်ငံတော်အဆင့် အမျိုးသားပြဇာတ်ရုံနဲ့ နှိုင်းယှဉ်ကြည့်ပါ။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့တွေလည်း သူတို့ကို မှီလာနိုင်ကောင်းပါရဲ့ဗျာ...။

ရုပ်ရှင်အညွှန်း - Movie Locos

IMDB 7.4 ရထားတဲ့နာမည်ကြီး အက်ရှင်ဇာတ်ကားဟာ 2h:11mins ကြာမြင့်ပါတယ်။ 606 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။



Download
606 MB
Mission: Impossible - Rogue Nation (2015)

No comments:

Post a Comment