Saturday, February 25, 2017

Dear Zindagi (2016)


Zindagi ကို ဘဝ (life) လို့ အဓိပ္ပါယ်​ ဖွင့်ဆိုထားတာမို့ ဇာတ်ကားနာမည်နဲ့တင် ပုံမှန်တွေ့နေကျ ကျောရိုးတွေနဲ့ ဘောလီးဝုဒ်ကားမျိုး မဟုတ်မှန်း မျှော်လင့်ခဲ့ပြီးသားပါ။ အခုနှစ်တွေမှာ ဟိုးအရင်ကထက်ပိုပြီး အနှစ်သာရပြည့်ဝတဲ့ ဇာတ်လမ်းတွေကိုမှ ရွေးချယ်ရိုက်ကူးလာတဲ့ မင်းသား Shah Rukh Khan ပါဝင်တယ်ဆိုတာကလည်း ပရိသတ်​ရဲ့ စိတ်ဝင်စားမှုကို အများကြီး မြင့်တက်စေခဲ့ပါတယ်။

တကယ်တော့ Dear Zindagi က မင်းသမီးအသားပေး ဇာတ်လမ်းပါ။ဇာတ်ကွက်နည်းတဲ့ SRK အတွက် ပရိသတ်​တွေအဖို့ အနည်းငယ် အားမလိုအားမရဖြစ်သွားနိုင်ပေမဲ့ မင်းသမီးလေး Alia Bhatt ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ လှလှပပ သရုပ်ဆောင်ချက်တွေကြောင့် ဖြေသိမ့်နိုင်မှာပါ။ အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde က ရိုက်ကူးထားပြီး Producer တွေကတော့ Gauri Shinde, Karan Johar နဲ့ Gauri Khan ( SRK ရဲ့ဇနီး) တို့ပဲဖြစ်ပါတယ်။ SRK နဲ့ သူ့ဇနီးတို့ နှစ်ဦးပိုင် Red Chillies Entertainment ကထုတ်လုပ်ထားပြီး မနှစ်က ခုလိုအချိန်လောက်မှာလည်း SRK ပါဝင်တဲ့ Dilwale ဇာတ်ကားနဲ့ အောင်မြင်မှုတွေရထားပြီးသားပါ။ ဒါရိုက်တာ Gauri Shinde က ခုဇာတ်ကားရှေ့မှာ English Vinglish ဆိုတဲ့ ကားတစ်ကားပဲ ရိုက်ဖူးထားပေမဲ့ လောလောဆယ်မှာတော့ သူမရဲ့ ဇာတ်ကား၂ခုလုံးက အောင်မြင်နေတာမို့ အရည်အချင်းပြည့်ဝသူလို့ သတ်မှတ်ရပါလိမ့်မယ်။





ကြာချိန်စုစုပေါင်း ၁၅၀မိနစ်ရှိတဲ့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Kaira (Alia Bhatt) ဟာ မွန်ဘိုင်းမြို့မှာ အခြေကျနေတဲ့ Cinematographer တစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ် လှပပြီး အလုပ်အပေါ် အာရုံအပြည့်စိုက်နိုင်သလို သူမရဲ့အနာဂတ်အတွက် အိပ်မက်တွေအပြည့်နဲ့ ကြိုးစားနေသူလေးပါ။ သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီး နေတတ်သလို ပျော်ပျော်နေတတ်ပေမဲ့လည်း Kaira ရဲ့ အကျင့်တစ်ခုက သူမရဲ့ ခံစားချက်တွေကို သိုဝှက်တတ်တာပါပဲ။ သူမတိတ်တခိုး ချစ်နေသူကတော့ film producer တစ်ယောက်ဖြစ်တဲ့ Raghuvendra ပါ။ Raghuvendra ကလည်း သူမကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ သူမက ခံစားချက်ကို ထုတ်ဖော်မပြသဘဲ အေးစက်စက်တုံ့ပြန်ပါတယ်။ Raghuvendra နဲ့ တခြားမိန်းကလေးတစ်ယောက်နဲ့ စေ့စပ်သွားမှန်း သိရှိသွားတဲ့အခါမှာ Kaira ရဲ့ အသည်းတွေကွဲကြေခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့အိမ်ခန်းပိုင်ရှင်က အိမ်ထောင်ရှိသူတွေကိုပဲလက်ခံတော့မယ်ဆိုလို့ Kaira တစ်ယောက် မွန်ဘိုင်းမြို့ကနေ ဂိုအာမြို့က မိဘတွေဆီ ခေတ္တပြောင်းရွှေ့ခဲ့ပါတယ်။

Kaira ဟာ ဂိုအာမြို့မှာ စားသောက်ဆိုင်ကြော်ငြာတစ်ခု ရိုက်ကူးရင်းနဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ Dr. Jehangir Khan (Shah Rukh Khan) ရဲ့ဟောပြောပွဲကို နားထောင်လိုက်ရပြီးတဲ့နောက်မှာ သူမခံစားနေရတဲ့ ဝမ်းနည်းကြေကွဲမှုတွေ၊ အိပ်မပျော်တဲ့ညတွေ အတွက် Dr. Jehangir Khan ဆီသွားရောက်ပြီး ကုသမှုခံယူခဲ့ပါတယ်။ ကုသမှုက သူမထင်သလို စမ်းသပ်ခန်းထဲမှာ အလုပ်ဆန်ဆန် ကုသတာမျိုးမဟုတ်ဘဲ Dr. Jehangir Khan ရဲ့ အိမ်မှာတင် ပေါ့ပေါ့ပါးပါး ဆွေးနွေးတိုင်ပင်ရတဲ့ကုသမှုဖြစ်နေပါတယ်။ Dr. Jehangir Khan ဟာ Kaira ရဲ့အတွင်းစိတ်ဝေဒနာတွေကို တဖြည်းဖြည်းချင်း တူးဆွဖော်ထုတ်ပြီး သူမနေ့စဉ်ကြုံတွေ့နေရသမျှ ၊ ခံစားနေရသမျှကို နားထောင်ပေးရင်းနဲ့ နှစ်သိမ့်စကားတွေ အကြံဉာဏ်တွေပေးရင်း ကူညီဖြေရှင်းပေးသွားတာကြောင့် Kaira ဟာ Dr.Jehangir Khan အပေါ် တစ်စတစ်စ အားကိုးလာပုံကို လှလှပပရိုက်ကူးပြီး တင်ဆက်ပြသသွားပါတယ်။

Dear Zindagi ဟာ လတ်တလောမှာ အကောင်းဘက်ကိုဦးတည်တဲ့ ဝေဖန်မှုတွေ ရရှိထားပါတယ်။ ဇာတ်ကားတစ်ခုလုံးကို ခြုံငုံပြီး ဝေဖန်ရမယ်ဆိုရင်..

Shah Rukh Khan – သူကတော့ ပြောစရာကို မလိုတာပါ။ ခုနောက်ပိုင်းဘောလီးဝုဒ်ကားဆို သူပါရင် ကောင်းပြီးသားပဲ လို့ ယုံကြည်လို့ရတဲ့ မင်းသားတွေက Aamir Khan နဲ့ Shah Rukh Khan ပါပဲ။ ၂ယောက်စလုံး အသက်၅၀ ဝန်းကျင်တွေ ဖြစ်လာတော့ ဇာတ်လမ်းတွေကို စိတ်ကြိုက်စီစစ်ပြီးမှ ရိုက်ကူးလာကြတာမို့ သူတို့ကားတွေဆို ၂ခါမစဉ်းစားဘဲ ကြည့်မိတဲ့အထိပါပဲ။ အခုဇာတ်ကားမှာလည်း သူ့ဇာတ်ကွက်က နည်းပေမဲ့ မင်းသမီးအပေါ် သဘာဆန်တဲ့ ဖေးမတွဲခေါ်မှုတွေက သိပ်ကိုကြည့်ကောင်းပါတယ်။ နူးညံ့သိမ်မွေ့မှုတွေ စိတ်ကိုတည်ငြိမ်အေးချမ်းသွားစေတဲ့ အငွေ့အသက်တွေနဲ့ Dr.Jehangir Khan ရဲ့ ပုံရိပ်ကို သရုပ်ဆောင်သွားတာ အတော်ကြည့်လို့ကောင်းပါတယ်။

Alia Bhatt – သူမကို အရင်နှစ်တွေတည်းက သိခဲ့ပေမဲ့ သူမခုလောက်ထိလှလာလိမ့်မယ်လို့တော့ မထင်မိခဲ့တာ အမှန်ပါပဲ။ သူမအောင်မြင်မှုတွေ ရခဲ့တဲ့ Udta Punjab ဇာတ်လမ်းမှာဆို မူးယစ်ဆေးသားကောင်အဖြစ်ရှုပ်ပွပေရေနေတဲ့ သွင်ပြင်နဲ့တွေ့ထားရတော့ တကယ့်အလှကို သတိမပြုမိခဲ့ပါဘူး။ လူလည်းလှသလို စကားပြောပုံ၊ သရုပ်ဆောင်ပုံတွေကလည်း ချစ်စရာလေးပါ။ အခုဇာတ်ကားဟာ သူမနဲ့ Shah Rukh Khan တို့ရဲ့ ပထမဦးဆုံး တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပေမဲ့ SRK ရဲ့အရှိန်အဝါကြောင့် သိမ်ဝပ်သွားတာမျိုးလည်း မရှိတာကို တွေ့ရပါတယ်။ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ဖို့ အလားအလာရှိတယ် လို့ ခန့်မှန်းမိပါတယ်။

Soundtracks – တော်တော်ကြီးကို နားထောင်လို့ကောင်းတဲ့ သီချင်းတွေပါပါတယ်။ Album တစ်ခုလုံးကို Amit Trivedi က ရေးထားတာပါ။လူကြိုက်အများဆုံးတွေကတော့ “Love You Zindagi” , “Let’s Break Up” , “Just Go to Hell Dil” တို့ပဲဖြစ်ပါတယ်။

ဇာတ်လမ်း – တကယ်ကို တွေ့ရခဲလွန်းတဲ့ ဘောလီးဝုဒ်ဇာတ်လမ်းပါပဲ။ တွေ့မြင်နေကျ ဖိုက်တင်ခန်းတွေ၊ မဆီမဆိုင် အုပ်စုလိုက်လမ်းပေါ် ထွက်ထွက်ကတဲ့အခန်းတွေမပါတာ စိတ်ချမ်းသာစရာပါ။ မွန်ဘိုင်းနဲ့ ဂိုအာမြို့ကို အခြေပြုထားပြီး ပင်လယ်နဲ့ဇာတ်ကွက်ကလည်း တစ်ခန်းပဲပါတဲ့အတွက် တခြားဇာတ်ကားတွေလောက် ရိုက်ကူးရေးမှာ အကုန်​အကျများတဲ့ပုံ မပေါ်ပါဘူး။ ဘဝနဲ့ပတ်သက်ပြီး နက်နဲတဲ့ အတွေးတွေကို ကောင်းကောင်းကြီး message ပေးထားပါတယ်။ Dr.Jehangir Khan ပြောသွားတာတွေထဲမှာ ကြိုက်မိတဲ့စကားတွေက “လူတွေဟာ ဝမ်းနည်းစရာတွေကြုံရပြီးတဲ့အခါမှာ ကိုယ့်ကိုကိုယ်အပြစ်ပေးဖို့ ခက်ခဲတဲ့လမ်းကို ကြိတ်မှိတ်ရွေးချယ်ကြတယ်။ တကယ်တော့အဲလိုလုပ်ဖို့မလိုဘူး။ အဆင်သင့်မဖြစ်သေးဘူးဆိုရင် လွယ်တဲ့လမ်းပဲရွေးချယ်ပါ။” ၊ “မင်းရဲ့အနာဂတ်ကို ဖျက်ဆီးမဲ့ အတိတ်ကအရာတွေကို ပစ္စုပ္ပါန်ထဲမလာစေပါနဲ့” ၊ “ထိုင်ခုံတစ်လုံးဝယ်ရင် ထိုင်ခုံတွေအများကြီးကို ထိုင်ကြည့်ပြီးမှ ကိုယ့်စိတ်ကြိုက်ကိုတွေ့ရသလိုပဲ၊ မသင့်တော်တဲ့လူတွေတွေ့ပြီးမှ ကိုယ့်အတွက်အကောင်းဆုံးသူကိုတွေ့ရတယ်”ဆိုတာတွေပါ။ စကားပြောခန်းတွေက သိပ်များတော့ နည်းနည်းတော့ ငြီးငွေ့နိုင်ပါတယ်။ အသက်ရှင်နေတဲ့ကာလပတ်မှာ ရင်ထဲက မြိုသိပ်ထားခဲ့ရတဲ့ အစိုင်အခဲတွေကို ကြေပျက်အောင်လုပ်ပြီး ဘဝကိုချစ်တတ်သွားဖို့ ဒီဇာတ်ကားကသင်ပေးလိုက်ပါတယ်။ ဘဝကို မှန်တစ်ချပ်လို ရောင်ပြန်ဟပ်စေတဲ့ ဇာတ်လမ်းလို့ သုံးသပ်မိပါတယ်။
ရုပ်ရှင်အညွှန်း - myotaku.club

[FORMAT]:………………………….:[ 720p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Drama, Romance
[FILE SIZE]:……………………….:[ Large- 1 GB , Small- 558 MB
[RESOLUTION]:………………….:[ 720 x 480, 640 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 31mins

 Dear Zindagi
(2016) on IMDb

Download
1 GB
Large

Download
558 MB
SD Small

No comments:

Post a Comment